Yangon

Today

73.6 F (23.1 C)

Tomorrow

73.6 F (23.1 C)

Editor's Choice

အနည်းဆုံးလုပ်ခ သတ်မှတ်ဖို့ ၂လအတွင်း ထုတ်ပြန်ပေးမယ်လို့ အစိုးရပြော
Posted by: Kamayut MEDIA Video-editer on April 25, 2015 at 20:44 PM

အလုပ်သမားတွေရဲ့ အနည်းဆုံးအခြေခံလုပ်ခလစာကို အစိုးရအဖွဲ့ကိုတင်ပြပြီး အများပြည်သူကို ထုတ်ပြန်ဖို့ တစ်လ-နှစ်လအတွင်း ပြီးအောင်လုပ်ပေးမယ်လို့ အလုပ်သမားဝန်ကြီး ဦးအေးမြင့်က အလုပ်ရှင်တွေနဲ့ ဧပြီ ၂၅ရက်နေ့က တွေ့ဆုံပြီး ပြောလိုက်ပါတယ်။ အနည်းဆုံးလစာသတ်မှတ်ရေး အချိန် ၂နှစ်လောက်ကြာခဲ့ပြီး ဘာ့ကြောင့်အခုမှ တက်သုတ်ရိုက်ဖို့ ပြင်နေကြတာလဲ။

အလုပ်သမားတွေကို လစာပေးရမယ့် အလုပ်ရှင်တွေ အနည်းဆုံး ဘယ်လောက်ပေးနိုင်မယ်ဆိုတာ ဆွေးနွေးတာဖြစ်ပြီး နောက်တစ်နေ့မှာလည်း အလုပ်သမားတွေနဲ့တွေ့ဆုံမှာဖြစ်တဲ့အကြောင်း၊ သတ်မှတ်နှုန်းထား မူတညီသေးရင် ထပ်ညှိနှိုင်းပြီး နိုင်ငံရေးပါတီ၊ လွှတ်တော်အမတ်၊ အလုပ်ရှင်နဲ့အလုပ်သမား၊ အစိုးရစတဲ့ ဘက်စုံပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ အမျိုးသားအဆင့်ကော်မတီတစ်ခုက နှုန်းထားထုတ်ပြန်ပြီး တင်ပြမယ်လို့ UMFCCI မှာ ဦးအေးမြင့်က ပြောခဲ့ပါတယ်။

ရက်ပေါင်း ၆ဝအတွင်း အနည်းဆုံးလစာသတ်မှတ်ရေး သဘောထားခံယူ၊ ကန့်ကွက်ချက်ကို ပြန်ဆွေးနွေးအပြီး နောက်ဆုံးရလဒ်ကို အစိုးရအဖွဲ့ကိုတင်ပြမှာဖြစ်ပြီး နိုင်ငံအချို့မှာ ၆လတစ်ကြိမ် ပုံမှန်အပြောင်းအလဲနှုန်းထားတွေ ထုတ်ပြန်တာကြောင့် လက်တွေ့လုပ်နိုင်မှုကို ညှိနှိုင်းပြီး အမြန်ဆုံး တစ်လနှစ်လအတွင်း အပြီးလုပ်မယ်လို့ သူက ပြောပါတယ်။

ပြည်နယ်တိုင်းအသီးသီးက စက်မှုလုပ်ငန်းရှင်တွေ၊ အစိုးရဌာနဆိုင်ရာဝန်ထမ်းနဲ့ ကုန်သည်ကြီးများအသင်းချုပ်အဖွဲ့ဝင် အသင်းတွေက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးက အစိုးရဝန်ထမ်းတွေ လစာတိုးသလိုလုပ်လို့မရဘဲ သန်း ၂ဝလောက်ရှိတဲ့ ပုဂ္ဂလိကအလုပ်သမားတွေအတွက် မြန်မြန်လုပ်ပေးဖို့လိုပါတယ်လို့ ဦးအေးမြင့်က ဝန်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေခံလစာ တစ်ရက် ဘတ်၃ဝဝ သတ်မှတ်ခဲ့ပေမယ့် လက်တွေ့မှာမပေးနိုင်လို့ လုပ်ငန်း တစ်သိန်းကျော် ပိတ်သွားခဲ့ပြီး ကမ္ဘောဒီးယားက အထည်ချုပ်နဲ့ဖိနပ်ချုပ်လုပ်ငန်းတွေ အခြေခံလစာသတ်မှတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့သွားကြတာ သင်ခန်းစာယူဖို့လည်း သူကထည့်ပြောခဲ့ပါတယ်။

ပြည်နယ်တိုင်းက မြို့နယ် ၁ဝ၈ခုမှာ စာရင်းကောက်ယူရာမှာလည်း ကျေးလက်နဲ့မြို့ပြ စားဝတ်နေရေးစားရိတ် ကွာခြားတာကြောင့် အနည်းဆုံးလစာကို တစ်နိုင်ငံလုံး တပြေးညီသတ်မှတ်ရမလား၊ နေရာဒေသအလိုက် ခွဲခြားသတ်မှတ်ရမလား။ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ရမလားဆိုတာ စဉ်းစားရမှာဖြစ်ပြီး အကွက်စေ့စေ့လုပ်ရင် ကြာနိုင်ပြီး မြန်မြန်လုပ်ချင်ရင် ထိုင်းနိုင်ငံလို တစ်နိုင်ငံလုံးတပြေးညီ လုပ်ရမယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

comments powered by Disqus