Yangon

Today

80.2 F (26.8 C)

Tomorrow

80.2 F (26.8 C)

Editor's Choice

ကြက်သားလယ်သမားနဲ့ ကြက်အမှိုက်ပုံကြော် စားကြမယ်
Posted by: Kamayut MEDIA Video-editer on October 14, 2014 at 20:34 PM

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ Mr. Thaiစားသောက်ဆိုင်အကြောင်း ကမာရွတ်က မိတ်ဆက်ပေးဖူးပါတယ်။ ဒီတစ်ခါတော့ အဲဒီဆိုင်မှာ Menu အသစ်ထွက်လာတာမို့ ထူးထူးခြားခြားဖြစ်တဲ့ ကြက်လယ်သမားနဲ့ ကြက်အမှိုက်ပုံကြော် ဘယ်လိုချက်လဲ တင်ပြပေးပါမယ်။

ကြက်လယ်သမားဟင်းမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့ ငွေနှင်းမှို၊ ခရမ်းသီး၊ ပန်းမုန်လာ၊ စပါးလင်၊ ခရမ်းကြွပ်သီး၊ ခရမ်းကစော့သီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပင်စိမ်း၊ ကြက်သားနဲ့ ငရုပ်သီးအနှစ်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး စပါးလင်ကို ပါးပါးလှီးပြီး ခရမ်းသီးအရှည်နဲ့ ငွေနှင်းမှို၊ ပန်းမုန်လာတွေကို အနေတော် လှီးပေးပါ။

ခရမ်းကြွပ်သီး လေးစိပ်စိတ်ပြီး ခရမ်းကစော့သီး အတုံးသေးသေး၊ ကြက်သားနဲ့ ခရမ်းချဉ်သီးတွေကို လေးထောင့်တုံးတွေ စိတ်ပြီးသွားရင်တော့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးအနှစ်ကို ဆီသတ်ပြီး အနံ့မွှေးလာပြီဆိုတော့ ကြက်သားထည့်၊ လုံးနယ်ပြီးရင် အသီးအနှံတွေကို ထည့်ပြီး အရသာကိုတော့ ကိုယ်လိုချင်တဲ့အတိုင်း အလိုက်သင့် ဆား၊ ခရုဆီ၊ သကြားတို့ကို လိုသလို ထည့်ပါ။

ငွေနှင်းမှိုကိုတော့ နောက်ဆုံးမှထည့်ပြီး အသားနူးရင်တော့ ပင်စိမ်းအုပ်လိုက်ပါ။ ကဲ … ဒါဆို အရသာ ခပ်ရှိန်းရှိန်းနဲ့ လယ်သမားကြက်သားဟင်းတစ်ခွက် ရပါပြီ။

နောက်တစ်မျိုးကတော့ နာမည်ဆန်းတဲ့ ကြက်အမှိုက်ပုံဟင်းပါ။ သူရဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ စပါးလင်၊ ချင်းအမျှင်၊ တောရှောက်ခါးရွက်၊ ရှမ်းနံနံ၊ ကြက်သွန်နီ၊ ငရုပ်သီးတောင့်၊ တန်ပူရာမှုန့်နဲ့ ငရုတ်ကောင်းပါ။ ချက်ပြုတ်ပုံကတော့ စာဖိုမှူး စိုင်းလင်းလေး ရှင်းပြတာလေးကို တစ်ချက် နားထောင်ကြည့်ပါဦး။

တန်ပူရာအမှုန့်နဲ့ နယ်ထားတဲ့ အရွက်တွေကို ဆီအပူရှိန်နည်းနည်းနဲ့ ကြွပ်ရွနေအောင် ကြော်ပြီး ကြက်သားကြွပ်ပေါ်တင်လိုက်မယ်ဆိုရင် ကြက်သားအရသာသက်သက်၊ တန်ပူရာကြော်ထားတဲ့ အရွက်တွေက သက်သက်နဲ့ အမှိုက်ပုံဟင်းတစ်ခွက် ရပါပြီ။

စမ်းချောင်းလမ်းနဲ့ ဗဟိုလမ်းထောင့်က Mr. Thai မှာ အသစ်ရနိုင်တဲ့ Menu မှာတော့ ကြက်လယ်သမားဟင်း၊ ကြက်အမှိုက်ပုံကြော်၊ ငါးအမှိုက်ပုံ၊ ပန်းသီးထောင်း၊ ထိုင်းငါးပိချက် တို့စရာအပြင် အခြားထိုင်းရိုးရာ ဟင်းလျာတွေလည်း ရနိုင်ပါတယ်။

comments powered by Disqus