Yangon

Today

84.0 F (28.9 C)

Tomorrow

84.0 F (28.9 C)

Editor's Choice

လွမ်းမောဘွယ် အိုဘယ့် ကန္တာရဝတီ
Posted by: Kamayut MEDIA Video-editer on July 8, 2014 at 18:32 PM

၁၉၄၈မတိုင်ခင်အထိ ကန္တာရဝတီ၊ ဘော်လခဲ၊ ကြယ်ဖိုးကြီး၊ မိုးဗြဲဆိုတဲ့ နယ်မြေ ၄ခုကို ပိုင်းခြားပြီး ကရင်နီစော်ဘွားတွေအုပ်ချုပ်ခဲ့ပါတယ်။ ကရင်နီနယ်မြေဟာ ကယား၊ ကယန်း၊ မနော၊ ယင်းတလဲ၊ ယင်းဘော်၊ ဂေဘား၊ မနူး စတဲ့ လူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ သီးခြားလွတ်လပ်တဲ့ ဒေသတစ်ခုပါ။ မြန်မာပြည်မနဲ့ပူးပေါင်းပြီး လွတ်လပ်ရေးယူခဲ့ချိန်မှာတော့ ကရင်နီနယ်မြေမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

လွိုင်ကော်မြို့တော်မှာရှိတဲ့ ကန္တာရဝတီ ဟော်နန်းကို ကရင်နီစော်ဘွား စဝ်ခွန်လီက ၁၉၁၂မှာ တည်ဆောက်ခဲ့ပါတယ်။ ၁၉၅၈ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရတက်လာချိန်မှာ ရှမ်းနဲ့ ကရင်နီစော်ဘွားတွေ အာဏာစွန့်ခဲ့ရပြီး စော်ဘွားတွေရဲ့ ဟော်နန်းတွေဟာ စစ်အာဏာရှင်အစိုးရ သက်တမ်းတစ်လျှောက် နည်းမျိုးစုံနဲ့ ဖျက်စီးဖို့ ပစ်မှတ်ထားခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တစ်ခုတည်းသော ဟော်နန်းအဖြစ် ကန္တာရဝတီဟော်နန်းဟာ ဘုန်းကြီးကျောင်းတစ်ခုအဖြစ် အသွင်ပြောင်းလိုက်ရပါတယ်။

ကန္တာရဝတီရဲ့နောက်ဆုံးစော်ဘွား စဝ်လဝီရဲ့သားသမီးတွေဟာ တစ်ခုတည်းကျန်တော့တဲ့ ဒီဟော်နန်းကို ကယားပြည်နယ် စစ်တိုင်းမှူးက ဖျက်ဖို့လုပ်တဲ့ ၁၉၉၄မှာ ဘုန်းကြီးကျောင်းကိုလှူခဲ့လို့ သမိုင်းအမွေအနှစ်အဖြစ် ကျန်နေခဲ့တာပါ။  

မြန်မာဘုရင်တွေလက်ထက်ကတည်းက ထိုင်းနဲ့မြန်မာကြား ကြားခံနယ်မြေဖြစ်ခဲ့သလို ဗြိတိသျှကိုလိုနီလက်ထက်မှာလည်း ဗြိတိသျှအင်ပါယာနဲ့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားကြားက လွတ်လပ်တဲ့ ကြားခံနယ်မြေ ကရင်နီနယ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပူးပေါင်းပြီး ၁၉၄၈မှာ ပြည်ထောင်စုထဲ ပါဝင်လာခဲ့ပါတယ်။ ပြည်မနဲ့ပူးပေါင်းခဲ့ပေမယ့် စစ်အာဏာရှင်စနစ် ခေါင်းထောင်လာမှုနဲ့အတူ တိုင်းရင်းသား လူမျိုးစုပေါင်းစုံရဲ့ မဟာဗမာဝါဒ လွှမ်းမိုးမှုကို လက်နက်ကိုင်တော်လှန်အုံကြွမှုတဲ့ လှုပ်ရှားမှုမှာ ကရင်နီနယ်မြေဟာ ပါဝင်ခဲ့ပါတယ်။

ကရင်နီပြည်သူတွေရဲ့ ညီညွတ်မှု၊ အမျိုးသားရေးသင်္ကေတဖြစ်တဲ့ တစ်ခုတည်းကျန်တော့တဲ့ ကန္တာရဝတီဟော်နန်းကို ကြည့်ပြီး ပြည်ထောင်စုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အောက်မှာ ကရင်နီဒေသခံတွေ ဘာတွေခံစားခဲ့ရသလဲ။

စစ်အာဏာရှင်စနစ်ကို အခြား တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ လက်တွဲတော်လှန်ခဲ့တဲ့ ကရင်နီလှုပ်ရှားမှုဟာ တန်းတူညီမျှတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ဆူကြုံနိမ့်မြင့် မရှိဘဲ၊ ခွဲခြားမှုမရှိဘဲ တည်ဆောက်ဖို့က အဓိက ဦးတည်ချက်ဖြစ်လာပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ပြည်နယ်ပေါ်ပေါက်ဖို့ဆိုတာ မြန်မာပြည်တစ်ခုလုံးရဲ့ နိုင်ငံရေးပေါ် အဓိကမူတည်တယ်လို့ မန်းသက်ဖောကလည်း ယုံကြည်ပါတယ်။

comments powered by Disqus