Yangon

Today

84.2 F (29.0 C)

Tomorrow

84.2 F (29.0 C)

Editor's Choice

၆ နာရီတောင် ထိုးပြီးပါကောလေ ...ကော်ဖီဆိုင်ကို သွားကြပါစို့လေ ... 
Posted by: Kamayut MEDIA Video-editer on July 15, 2014 at 12:49 PM

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေမပေါ်ပေါက်ခင် ၂ဝဝ၈လောက်ကစပြီး သန့်ရှင်းသပ်ရပ်တဲ့ ခေတ်မီအပြင်အဆင်တွေနဲ့ အဆင့်မြင့် ကော်ဖီဆိုင်လေးတွေ အလျှိုလျှိုပေါ်ပေါက်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ မြန်မာပြည် ပြန်လည်တိုးဝင်လိုက်ချိန်မှာတော့ ကော်ဖီသောက်သုံးသူဦးရေ မြင့်တက်လာပါတယ်။

နှစ်ပေါင်း ၅ဝလောက် တံခါးပိတ်ဝါဒနဲ့ ကမ္ဘာကြီးနဲ့အဆက်ဖြတ်ခံထားရတဲ့ ကာလရှည်ကြီးထဲမှာ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကသာ ခိုင်ခိုင်မာမာ ကြီးစိုးမင်းမူခဲ့တာပါ။ ဒေါင်လို့ဗန်စကားနဲ့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်တွေကနေ ခေတ်မီ ကော်ဖိဆိုင်တွေဆီ မြန်မာလူငယ်တွေ ဘာ့ကြောင့် ဝင်ရောက်လာတာလဲ။

ကော်ဖီဆိုတာ နေမကောင်းတဲ့အခါမှပဲ သောက်ရတဲ့အရာလို့ အရိုးစွဲနေတဲ့ လူမှုအသိုက်အဝိုင်းထဲမှာ အဆင့်မြင့် ကော်ဖီဆိုင်တွေ ပြည်တွင်းဈေးကွက်ထဲ ခြေကုပ်ယူဖို့ဆိုတာ ခက်ခက်ခဲခဲ စတင်ခဲ့ရတာပါလို့ ၁၉၉၆မှာ ကော်ဖီလုပ်ငန်း စတင်ခဲ့တဲ့ Sithar Coffee က ပြောပြပါတယ်။

အိမ်နီးချင်းတွေနဲ့ယှဉ်ရင် ကော်ဖီယဉ်ကျေးမှုဟာ အနှစ် ၂ဝလောက် နောက်ကျခဲ့ပေမယ့် အခုတော့ မြန်မာပြည်မှာ ကော်ဖီယဉ်ကျေးမှုဟာ ခေါင်းထောင်ထလာဖို့ အရှိန်ယူ အားယူစပြုနေပါပြီ။ ၂ဝ၁၄ ဇွန်လမှာ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ Food & Hotel Myanmar 2014 ပြပွဲမှာ အာဆီယံအဆင့် ကော်ဖီဖျော်ပြိုင်ပွဲ ပါဝင်ခဲ့တာဟာ ကော်ဖီယဉ်ကျေးမှုရဲ့ နေထွက်ချိန်ကို ရောက်ပြီဆိုတာ သက်သေပြလိုက်သလိုပဲ ဖြစ်ပါတယ်။

ကော်ဖီယဉ်ကျေးမှုက ဘာတွေကို သယ်ဆောင်လာလဲ။ ဦးသန်းဇော်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကော်ဖီကို လူတွေရွေးချယ်နိုင်ကြပြီး အဆင့်မြင့် ကော်ဖီဆိုင်တွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာတဲ့အကျိုးဆက်တွေ ရှိပါတယ်လို့ ရှင်းပြပါတယ်။

တစ်ချိန်တုန်းကတော့ လူချမ်းသာတွေရဲ့ ဇိမ်ခံပစ္စည်းလို့တောင် သတ်မှတ်ပြီး ကော်ဖီဖျော်စက်တွေကို အကောက်ခွန်က ကြီးလေးတဲ့အခွန်တွေနဲ့ သတ်မှတ်ခဲ့တာဟာ အခုတော့ ဆင်းရဲချမ်းသာမရွေး လူငယ်တိုင်းဆီမှာ စတင်အားကောင်းနေပြီဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။

ကိုလိုနီခေတ်ကတည်းက ကာကာလက်ဖက်ရည်နဲ့ စတင်ခဲ့ပြီး ကျောက်ပန်းတောင်း၊ ဂိတ်ဆုံး၊ ပေါ့ကျ၊ စတဲ့ ဗန်းစကားတွေနဲ့ လူမှုအသိုက်အဝိုင်းတစ်ခုလုံးကို ကာလကြာရှည် အုပ်စိုးမင်းမူခဲ့တဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကတော့ အခုတော့ ဗြောင်ဗြောင်ပဲ စိန်ခေါ်ခံနေရပါပြီ။

comments powered by Disqus