Yangon

Today

81.9 F (27.7 C)

Tomorrow

81.9 F (27.7 C)

Editor's Choice

တစ်နိုင်ငံလုံး စက်ဘီစီးပြီး ပညာပေးခဲ့သူ စရကို ပြန်ရောက်ပြီ
Posted by: Kamayut MEDIA Video-editer on December 26, 2014 at 17:44 PM

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေ ရိုးရှင်းတဲ့ဘဝနဲ့ သက်တမ်းစေ့နေနိုင်ရေးအတွက် မြန်မာပြည်အနှံ့ မိုင်ထောင်ချီခရီးကို တစ်နှစ်ကျော်ကြာ တစ်ကိုယ်တော် စက်ဘီးစီးပြီး အသိပညာ မျှဝေပေးတဲ့ စရကိုဟာ ဒီဇင်ဘာ ၂၅ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးပြီး ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါပြီ။ ကိုယ်တိုင်လည်း အိတ်ခ်ျအိုင်ဗီပိုးရှိတဲ့ စရကိုတစ်ယောက် ဘာ့ကြောင့် ဒီလိုလုပ်ခဲ့တာလဲ။

ဒီခရီးစဉ်ဟာ အိတ်ခ်ျအိုင်ဗီ၊ အေ့စ်ဝေဒနာခံစားနေရသူတွေ အင်အားတစ်ခုဖြစ်စေမယ်လို့ ယုံကြည်ပြီး ရောဂါဆိုင်ရာ ပညာပေးတဲ့နေရမှာလည်း အတိုင်းအတာတစ်ခုထိ ထိရောက်ခဲ့တယ်လို့ စရကိုက ပြောပါတယ်။ မြန်မာအသိုင်းအဝိုင်းထဲမှာ ရောဂါပိုးရှိသူတွေကို ခွဲခြားဆက်ဆံမှု အများစုမှာ ရှိနေဆဲဖြစ်ပြီး ရောဂါပိုးရှိသူတွေကလည်း လူကြားထဲချမပြရဲတာဟာက ကိုယ့်ကိုကိုယ် ခွဲခြားဆက်ဆံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရတဲ့ စရကိုဟာ နာရေးကူညီမှုအသင်းရဲ့ ကူညီမှုနဲ့ နေပြည်တော်အပါအဝင် ပြည်နယ်တိုင်း ၁၄ခုက မြို့ပေါင်း ၂၅၅မြို့ကို ဖြတ်သန်းပြီး အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်မှုကို လျှော့ချဖို့ မိုင် ၇၁ဝဝကျော်ခရီးကို ၂ဝ၁၃ ဒီဇင်ဘာ ၁ရက်နေ့ကစလို့ ရန်ကုန်ကနေ ထွက်ခွာခဲ့ပြီး ဒီနှစ် ဒီဇင်ဘာ ၂၅ရက်နေ့မှာ ရန်ကုန်ကို ပြန်လည်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အိတ်ခ်ျအိုင်ဗီရောဂါပိုးဟာ ကိုယ်ကျင့်တရားဖောက်ပြားမှုကြောင့် ကူးစက်တာလို့ မြန်မာအသိုင်းအဝိုင်းထဲ အစွဲကြီးရှိနေတာကြောင့် အခြားကူးစက်နိုင်တဲ့နည်းတွေကို သတိမထားတော့တာမို့ ကူးစက်ဖို့ အခွင့်အလမ်း များလာသလို ကူးစက်ခံရသူတွေကလည်း ပွင့်ပွင့်လင်းလင်း ကုသခံယူမှုမလုပ်ရဲလို့ သေဆုံးရတာတွေ ရှိတယ်လို့ စရကိုက ဆိုပါတယ်။

အစိုးရနဲ့ NGO တွေက အိတ်ခ်ျအိုင်ဗီရောဂါကူးစက်မှု ပညာပေးရာမှာ ကိုယ်ကျင့်တရားကိစ္စကိုပဲ ဇောင်းပေးတာများပြီး အထူးသဖြင့် လိင်ဆက်ဆံမှုနဲ့ မူးယစ်ဆေးသုံးစွဲမှုတွေကိုပဲ အဓိကပညာပေးနေလို့ အခြားကူးစက်နိုင်တဲ့နည်းတွေ လူထုကြားထဲ အပြည့်အဝ မရောက်သေးဘူးလို့ ဆိုပါတယ်။

အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသူတစ်ယောက်အနေနဲ့ တစ်နိုင်ငံလုံးကို စက်ဘီးစီးပြီး ပညာပေးတာ တော်ရုံတန်ရုံ စိတ်ဓာတ်နဲ့ မရတာကြောင့် ရောဂါပိုးရှိသူကိုယ်တိုင် ဒီလိုလုပ်နိုင်ပါလားဆိုတဲ့ အသိနဲ့ အခြားရောဂါပိုးရှိသူတွေကိုလည်း အင်အားဖြစ်စေပါတယ်လို့ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

comments powered by Disqus