Yangon

Today

77.2 F (25.1 C)

Tomorrow

77.2 F (25.1 C)

Editor's Choice

အစ်မတော် မြနန်းနွယ် တကယ်ပဲ ဆုတောင်းပြည့်စေလား
Posted by: Kamayut MEDIA Video-editer on July 16, 2015 at 19:06 PM

ဗိုလ်တထောင်စေတီတော်မှာ နတ်ရုပ်အဖြစ် ထုလုပ်ကိုးကွယ်ထားတဲ့ အစ်မတော်မြနန်းနွယ်ဟာ ပူဇော်ကိုးကွယ်သူတွေကြားမှာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားသလို ရုပ်ထုနားကပ်ပြီး တီးတိုးဆုတောင်းကြတာဟာလည်း လူသိများတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။

အရောင်းအဝယ်၊ အလုပ်အကိုင်၊ အိမ်ထောင်ပြု၊ သားမွေး စတဲ့ကိစ္စတွေမှာ အဓိဋ္ဌာန်ပြုဆုတောင်းကြပြီး အောင်မြင်တဲ့အခါ အဓိဋ္ဌာန်အောင်ပွဲတွေ လာရောက်ပူဇော်ကြတာမို့ တစ်ရက်ကို ပွဲပေါင်း ၇ဝဝ လောက်ရှိတယ်လို့ ဗိုလ်တထောင်စေတီက နိဗ္ဗာန်ဆော်တစ်ယောက်ဖြစ်တဲ့ ဦးကြည်စိုးက ပြောပါတယ်။ အခါကြီးရက်ကြီးတွေ၊ စနေ၊ တနင်္ဂနွေတွေမှာဆိုရင် ပွဲပေါင်း တစ်ထောင်ကနေ သုံးထောင်လောက်အထိ လာရောက်ပူဇော်ကြတယ်လို့ ဆိုပါတယ်။

ဒဏ္ဍာရီမှတ်တမ်းတွေအရ အစ်မတော် မြနန်းနွယ်ဟာ ၁၈၉၇မှာ ရှမ်းမြန်မာမိသားစုကနေ မွေးဖွားလာခဲ့သူ ဖြစ်ပြီး ငယ်ငယ်ကတည်းက သက်သက်လွတ်စားသလို ဘဝတစ်လျှောက်လုံး ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဗုံးကြဲခံရလို့ ပျက်စီးသွားခဲ့တဲ့ ဗိုလ်တထောင်စေတီကို အဓိက ပြန်လည်ပြုပြင်မွမ်းမံခဲ့တဲ့ အစ်မတော် မြနန်းနွယ်ဟာ ၁၉၅၇မှာ ကွယ်လွန်ခဲ့ပြီး ၁၉၉ဝမှာတော့ ဗိုလ်တထောင်စေတီတော်မှာ နတ်ရုပ်အဖြစ် ထုလုပ်ကိုးကွယ်ခဲ့ကြတယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားပါတယ်။

အစ်မတော်မြနန်းနွယ်ကို နိုင်ငံရပ်ခြားကလူတွေပါ ယုံကြည်ကြပြီး ထိုင်း ဗိုလ်ချုပ်ကအစ ယုံယုံကြည်ကြည်နဲ့ လာရောက်ဆုတောင်းဖူးသလို ထိုင်းဘုရားဖူး အဖွဲ့တွေလည်း လာရောက်ဆုတောင်းကြတယ်လို့ ဦးကြည်စိုးက ပြောပါတယ်။

အဓိဋ္ဌာန်အောင်လို့ ပွဲလာဆက်သတဲ့ ဒေါ်မိုးမိုးကတော့ လုပ်ငန်းတွေအဆင်မပြေရာကနေ ထူးထူးခြားခြား အောင်မြင်လာတယ်လို့ ဆိုပြီး ကိုယ်ကရိုသေရင် သူက မစတာမို့ အောင်မြင်ရင် ကတိအတိုင်း အမြဲလာဆက်သရတယ်လို့ ပြောပါတယ်။

comments powered by Disqus