Yangon

Today

72.5 F (22.5 C)

Tomorrow

72.5 F (22.5 C)

Editor's Choice

မြန်မာကို ပြန်ပတ်သက်ဖို့ အမေရိကန်တွေ ဆုံးဖြတ်ရတဲ့ အချက် ၄ချက်

Posted by: user1 on September 29, 2014 at 20:19 PM

မြန်မာနိုင်ငံနဲ့ ပြန်လည်ပတ်သက်ဖို့ အမေရိကန်ပြည်ထောင်စုက အရေးတကြီး စဉ်းစားလာရတဲ့ကိစ္စဟာ အချက် ၄ချက်ကြောင့်ဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် East-West Center က ဒါရိုက်တာက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ဘယ်အချက်တွေကြောင့် မြန်မာနဲ့ပြန်လည်စေ့စပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။

မြန်မာနိုင်ငံမှာ ၂ဝ၁ဝနောက်ပိုင်း ပြည်တွင်းရေးအပြောင်းအလဲတွေ မဖြစ်ခင်ကတည်းက အမေရိကန်ပြည်ထောင်စုက မြန်မာနဲ့ပြန်စေ့စပ်ဖို့ အရေးတကြီး စဉ်းစားခဲ့တာဟာ နံပါတ်တစ်က တရုတ်လွှမ်းမိုးမှု ပိုကြီးကြီးထွားလာမယ့်အချက်၊ နံပါတ်နှစ်က မြန်မာပြည်က မူးယစ်ဆေးဝါး တစ်ကမ္ဘာလုံးကို ပြန့်နှံ့နေတာ ထိန်းချုပ်ဖို့၊ နံပါတ်သုံးက မြန်မာနဲ့ပြန်မပတ်သက်ရင် အာဆီယံနိုင်ငံအားလုံးနဲ့ ဆက်ဆံရာမှာ မြန်မာမပါတဲ့ အာဆီယံလား၊ ၁ဝနိုင်ငံလုံးပါတဲ့ အာဆီယံလားဆိုတဲ့ အချက်နဲ့ နောက်ဆုံးကတော့ တရုတ်နဲ့ အိန္ဒိယကြားက သန်း ၆ဝနီးပါးရှိတဲ့နိုင်ငံကို ဘယ်လိုမှ ဖယ်ချန်ထားလို့မရတဲ့ အကြောင်းတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

အာရှပါဝင် Global Century တစ်ခုဖြစ်လာဖို့ ရည်မှန်းချက်ထားပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသဟာ မဟာဗျူဟာမြောက် အရေးပါတဲ့နေရာဖြစ်လာတယ်လို့ ရန်ကုန်မြို့က Strategy First Institute ပုဂ္ဂလိကကျောင်းမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံအတွက် မြန်မာပြည်က ဘယ်လိုအရေးပါလဲ၊ မြန်မာအတွက်ရော အာဆီယံက ဘယ်လောက်အရေးပါလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာက ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အမေရိကန်ပြည်သူတွေကြားထဲ မြန်မာပါဝင် အာဆီယံနဲ့ အာရှဒေသဟာ ၂၁ရာစုအတွက် ဘာ့ကြောင့်အရေးပါခဲ့သလဲဆိုတာ ၂ဝ၁ဝနောက်ပိုင်း လူပြောအများဆုံး ဖြစ်ခဲ့ရတဲ့ အကြောင်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဇုန်အတွက် လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်နဲ့ပတ်သက်ပြီး ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ လာမယ့် နိုဝင်ဘာကျရင် နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ၂ဝ၁၅ အာဆီယံစီးပွားရေးအသိုက်အဝိုင်းဖြစ်စဉ်နဲ့အတူ ကုန်သွယ်မှုနဲ့ ဈေးကွက်တစ်ခုတည်းပေါ်ပေါက်ဖို့ အမေရိကန်အနေနဲ့ အကြီးအကျယ် ပြင်ဆင်စဉ်းစားနေတယ်လို့ ဆိုပါတယ်။

comments powered by Disqus